Cheat Day နဲ့ ဝိတ်မကျနိုင်တော့တဲ့ ဘဝသံသရာ
Cheat Day အကြောင်း ရှင်းပြရမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်နေသူတွေ၊ တင်းကြပ်တဲ့ Diet Plan တစ်ခုအတိုင်း စားသောက်နေထိုင်သူတွေဟာ သတ်မှတ်ထားတဲ့ ရက်တစ်ရက် (လတစ်လ သို့မဟုတ် ရက်သတ္တပတ်တစ်ပတ်အတွင်း) မှာ ကိုယ်အရင်ကစားခဲ့တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ပုံစံတွေအတိုင်း ပြန်စားသောက်တဲ့ အထူးစပါယ်ရှယ်ရက်လေးတစ်ရက်လို့ ဆိုရမှာပါ။
အလွယ်ပြောရမယ်ဆိုရင် Cheat Day သည် အာဟာရ၊ ကျန်းမာရေး၊ လေ့ကျင့်ခန်း၊ ခန္ဓာကိုယ်ပန်းတိုင်တွေ အားလုံးကို မေ့ထားပြီး စားချင်သလိုစား၊ နေချင်သလိုနေ၊ စိတ်ပျော်ဖို့အတွက် ဖန်တီးထားတဲ့ နေ့ရက်တစ်ရက်ပါ။
ဒီတော့ ဒီလိုမျိုး Cheat Day တွေ သတ်မှတ်ထားခြင်းကို တချို့က စိတ်ကျန်းမာရေးအတွက် ကောင်းတယ်၊ စိတ်အလိုလိုက်ပေးရာ ရောက်တယ်၊ သတ်မှတ်ထားတဲ့ စားသောက်နေထိုင်မှုပုံစံကို သေချာလိုက်နာတဲ့အတွက် ကိုယ့်ကိုယ်ကို ဆုချတာဖြစ်လို့ လုပ်သင့်တယ်လို့ ထင်ပေမယ့် တကယ်တမ်းမှာတော့ အကောင်းထက် အဆိုးဘက်ကို ပိုရောက်ပါတယ်။
ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့
၁။ Cheat Day မှာ ဘယ်သူမှ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ မစားပါဘူး။ အချိုများတာ၊ အဆီများတာ၊ ကစီဓာတ်များပြီး ကျန်းမာရေးနဲ့ လုံးဝမညီညွတ်တဲ့ အချိုမုန့်တွေ၊ မုန့်ပဲသရေစာတွေ၊ အသင့်စား အစားအသောက်တွေ၊ ကြက်ကြော်၊ အာလူးကြော်၊ ဘာဂါလိုမျိုး Fast Food တွေကိုပဲ စားကြတာပါ။
၂။ တစ်ရက်တည်းမှာ စုပြုံပြီးစားရတာဖြစ်တဲ့အတွက် ငါကြိုက်တာ ငါအကုန်စားမယ်၊ နောက်ရက်တွေကျရင် စားမရတော့ဘူးဆိုတဲ့ စိတ်နဲ့ လိုတာထက်ပိုပြီး စားမိလိုက်ပါတယ်။ ဒီအခါ ခန္ဓာကိုယ်က ချေဖျက်နိုင်လောက်တဲ့ ကယ်လိုရီ၊ အဆီပမာဏထက် များပြီး ခန္ဓာကိုယ်တွင်းမှာ အဆိပ်ဓာတ်တွေ ပိုလျှံလာပါတယ်။
၃။ ခန္ဓာကိုယ်က အဆီပိုတွေ မချေဖျက်နိုင်တဲ့အခါ ဒီအဆီဓာတ်တွေက ကိုယ်ထဲမှာကျန်ခဲ့ပြီး သွေးထဲမှာပိတ်မိနေတဲ့အတွက် သွေးကြောကျဉ်းရောဂါ၊ အာရုံကြောဆိုင်ရာ ရောဂါများအပြင်၊ ခန္ဓာကိုယ်နေရာကွက်၍ ဝလာခြင်း၊ အဆီတက်လာခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၄။ တစ်လလုံး ပင်ပင်ပန်းပန်းနဲ့ ဂရုစိုက်ပြီး Diet လုပ်ခဲ့သမျှ၊ လေ့ကျင့်ခန်းတွေ လုပ်ခဲ့သမျှ၊ အားအင်စိုက်ထုတ်ခဲ့သမျှ၊ Gym အတွက် ကုန်ခဲ့သမျှ ပိုက်ဆံတွေအားလုံးဟာ Cheat Day တစ်ရက်တည်းနဲ့ အကုန်ရေစုန်မြောလိုက်သလို ဖြစ်သွားပါတယ်။
၅။ တန်ဆေး၊ လွန်ဘေးဆိုတဲ့အတိုင်း လိုတာထက်ပိုပြီး အဆီဓာတ်၊ ကယ်လိုရီတွေနဲ့ အချိုဓာတ် စားသုံးမှုတွေ များသွားတဲ့အခါ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်လာမယ်၊ ကိုယ်ချခဲ့တဲ့ အဆီတွေပြန်အစားထိုး ဝင်လာမယ်ဆိုတာတော့ ပြောဖို့ လိုမယ်မထင်ပါဘူးနော်။
ဒါကြောင့် Gym ကစားတော့မယ်ဆိုရင်၊ Diet Plan တစ်ခုကို သေချာလိုက်နာတော့မယ်ဆိုရင် စားချင်တာစားမယ်ဆိုတဲ့ Cheat Day ကို လုံးဝမေ့ထားဖို့ အရေးကြီးပါတယ်။ အကယ်လို့ ကိုယ်က ကြိုက်တာလည်း စားလိုက်ရမှဆိုတဲ့ စိတ်အခံကရှိနေရင်တော့ Diet Plan လုံးဝမလုပ်ဘဲနဲ့ ကိုယ်ကြိုက်တာကို တစ်နေ့ နည်းနည်းစီစားပေးတာက ပိုပြီးဆိုးကျိုးနည်းပါသေးတယ်။
ကိုယ့်ကိုယ်ကို အပင်ပန်းခံတဲ့အတွက် ဆုချချင်ရင် Cheat Day မသတ်မှတ်ပါနဲ့။ ပြောင်းလဲလာတဲ့ ကိုယ့်ကျန်းမာရေး၊ ပိုမိုလှပသန်စွမ်းလာတဲ့ ကိုယ့်ခန္ဓာကိုယ်အချိုးအစား၊ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်၊ ကိုယ်အလေးချိန် ပန်းတိုင်ကို ဘယ်လောက်ထိ တက်လှမ်းနိုင်ခဲ့ပြီလဲဆိုတဲ့ ခရီးစဉ်ကို ပြန်ကြည့်ပါ။ ဒီလိုအပင်ပန်းခံတဲ့အတွက် ရလာတဲ့ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲမှုဟာ ကိုယ့်ရဲ့ ဆုလာဘ်ပါပဲ။ ဒါကို မလိုအပ်တဲ့ အစားအစာတွေနဲ့ ကိုယ့်စိတ်ကို အလိုလိုက်ပြီး ကြိုးစားခဲ့သမျှ သွန်ပစ်လိုက်စရာ မလိုပါဘူး။
ကိုယ်ကြိုက်တာကို မစားရမနေနိုင်သူများအနေနဲ့ ဘာတွေလုပ်ပေးလို့ရမလဲဆိုရင်
- တင်းကြပ်တဲ့ Diet Plan တစ်ခု မဆွဲထားပါနဲ့။
- ကိုယ်စားချင်တာကို တစ်နေ့ ဘယ်လောက်ထိ စားရမလဲဆိုတဲ့ ပမာဏတော့ ထားထားပါ။
- အဓိက မဖြစ်မနေစားရမယ့် အစာအုပ်စုနဲ့ အာဟာရဓာတ်တွေကို လုံးဝမမေ့ပါနဲ့။
- စားချင်တဲ့အရာတွေကို နေ့လယ်နေ့ခင်း လေ့ကျင့်ခန်းမလုပ်ခင်မှာ စားထားပါ။
- Cheat Day လုပ်တဲ့နေ့နဲ့ နောက် ၃ ရက်လောက်အထိ အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပါ။
- အိပ်ကာနီးအချိန်မှာ မုန့်ပဲသရေစာတွေ မစားမိအောင် စောစောအိပ်စက်အနားယူပါ။
- ကိုယ်သွားချင်တဲ့ ဘော်ဒီပန်းတိုင်ကို အမြဲချရေးထားပါ၊ စိတ်ကူးထဲမှာ မှတ်ထားပါ။
- ကိုယ့်အနီးပတ်ဝန်းကျင်က မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ချစ်သူကို ကိုယ့်အကျင့်အကြောင်း ပြောပြထားပြီး လိုအပ်လာရင် တားဖို့အတွက် သတိပေးပါ။
ရေးသားသူ - ရဲမျိုးမြတ်